ကချင်ပြည်နယ်မြောက်ပိုင်း
ပူတာအိုခရိုင်တွင်းမှာ အခုနှစ် မိုးတွင်းကတည်းက
ဆန်ပြတ်လပ်မှုပြဿနာကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ
ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။
ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ်က ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နည်းခဲ့တဲ့အပြင် မိုးတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခုနှစ် ဇူလိုင်လကတည်းက ဆန်ပြတ်လပ်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် အဲဒီဒေသတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေမှုရဲ့ အကျိုးဆက်အဖြစ် လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ရှိနေတာကြောင့်လည်း စားနပ်ရိက္ခာ သယ်ယူလို့မရ ဖြစ်နေတယ်လို့ ပူတာအိုမြို့ ဦးဂျာအောင်က ပြောပါတယ်။