လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက်အနီး ဓမ္မာရုံမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။
ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို တက်ရောက်လာသူတွေရဲ့ဆွေးနွေးမေးမြန်း အကြံပြုချက်တွေထဲမှာ သူတို့ရဲ့ နေ့စဉ်လူမှု ဘ၀မှာ ကြုံနေရတဲ့ အကြောင်းအရာ အခက်အခဲတွေက အဓိက အများဆုံးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ကတဆင့် လွှတ်တော်ထဲကို တင်ပြပေးဖို့ကိစ္စတွေကို လည်း ပြောပြတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ အများဆန္ဒအတိုင်း ရွေးချယ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အခုထိ တရားဝင် မထုတ်ပြန်ပေးသေးတာ၊ လမ်းတွေမကောင်းတာ၊ စည်ပင်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
အခုပြည်သူတွေ တင်ပြထားတဲ့ အကြောင်းအရာတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
“ကျမတို့ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ညွှန်ကြားထားတာရှိပါတယ်။ ဘာလဲဆိုတော့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာက သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်သင့်တာတွေ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါ။ မြို့နယ်ကအဆင်မပြေဘူး၊ လုပ်လို့မရဘူးဆိုတဲ့ ကိစ္စရပ်တွေကို လွှတ်တော်ထဲတင်ပြီး ဆွေးနွေးတင်ပြရမှာပါ။ ဒါကြောင့် လွှတ်တော်မှာတင်တာနဲ့ ရပ်ကွက်ထဲဖြစ်တာနဲ့က တော်တော်တော့ ကွဲပြားခြားနားမှာပါ။ ဒါကြောင့် ကျမတို့က ပြည်သူလူထုတွေ တင်ပြထားတဲ့ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြို့နယ်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဒီတွေ့ဆုံပွဲတွေ ပြီးတဲ့နောက် မှာ ဆောင်ရွက်သွားမှာပါ။”
DvB
No comments:
Post a Comment