ပြီးခဲ့တဲ့
ဖေဖော်ဝါရီလက ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကုန်ဈေးနှုန်းကျဆင်းရေး
ဆန္ဒဖော်ထုတ်ခဲ့ကြသူ ၁၄ ဦးကို ပုသိမ် အနောက်မြို့နယ် တရားရုံးက ပုဒ်မ
၁၅၃ ရုန်းရင်းဆန်ခတ်မှု ကျူးလွန်ရန် ကြံရွယ်မှုနဲ့ မနေ့က ဒဏ်ငွေ ၁ ထောင်
ဒါမှမဟုတ် ထောင်ဒဏ် ၁ လကျခံဖို့  ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဆန္ဒပြသမားတွေကို စည်ပင်သာယာဌာနက မူလက ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲထားတာ ဖြစ်ပေမယ့် တရားသူကြီးက ပုဒ်မ ၁၅၃ အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာလို့ ပြစ်ဒဏ်ချခံရသူ ကိုချစ်အေးက ပြောပါတယ်။
“ကျနော်တို့ကို ထောင်ပဲချမယ်လို့ ဆုံးဖြတ်ထားတာ။ မနေ့က အမိန့်တွေ အစုံဖတ်ပြပြီး နောက်ဆုံး ပုဒ်မ ၁၅၃ နဲ့ ဒဏ်ငွေ တယောက် ၁ ထောင် ဒဏ်ကြေးရိုက်တယ်။ ဒဏ်မဆောင်နိုင်ရင် ၁ လပုံစံနဲ့ လုပ်လိုက်တယ်။ ကျနော်တို့က မတရားအပြစ်ပေးခံရတာပဲ။ ဥပဒေချိုးဖောက်ပြီး ကျနော်တို့ကို မတရားလုပ်လိုက်တာ။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တိုင်ပင်ဆွေးနွေးပြီး ပြန်ထပ်ဖော်ထုတ်ဦးမယ်။”
ပြစ်ဒဏ်ပေးခံရသူတွေကတော့ ကိုချစ်အေး၊ ကိုဇော်မိုး၊ ကိုဝင်းဇော် စတဲ့ ပုသိမ်မြို့ခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေပါဝင်ပြီး တရားရုံးမှာ ဒဏ်ငွေ ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂ ရက်နေ့က ပုသိမ်မြို့ မြို့နယ် စည်ပင်သာယာရေးရုံးရှေ့မှာ လူ ၁၆ ယောက်လောက်ဟာ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါ တာဖြစ်ပါတယ်။
ဆန္ဒပြပွဲအပြီးမှာ သူတို့ကို ရဲက ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး စည်ပင်သာယာက တရားစွဲဆိုထားခဲ့ရာက အခု ၈ လလောက်အကြာမှာ တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

DVB
No comments:
Post a Comment