အစိုး
ရငြိမ်းချမ်းရေးအဖွဲ့နဲ့တိုင်းရင်းသားတပ်ပေါင်းစု
(ယူအန်အက်ဖ်စီ) တို့ အကြို နိုင်ငံရေးဆွေးနွေးပွဲတွေ
ပြန်လည်စနေပေမယ့် အစိုးရစစ်တပ်နဲ့ကာလုံ ခေါ် ကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီတို့ကတော့ ရှမ်းပြည်နယ်အတွင်း
ထိုးစစ်ဆင်နေတဲ့အကြောင်း ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)
ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းလကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဗိုလ်မှူးစိုင်းလတို့ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အပါအဝင် ယူအန်အက်ဖ်စီတို့ ချင်းမိုင်က ဟောလီးဒေးအင်းမှာ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့လာပြီး အကြို ဆွေးနွေးပွဲတွေ လာလုပ်တယ်လေ။ ယူအန်အက်ဖ်စီနဲ့ အစိုးရကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဆိုပြီး နှစ်ပေါင်းများစွာ တောင်းဆိုတဲ့ပွဲမှာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းမြောက်နဲ့ တိုက်ပွဲတွေ ၂ ရက်ဆက်ဖြစ်တယ်။ အဲတော့ တိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်လို့ ဒီအခြေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဒီအတိုင်းဆို အောင်မြင်ပါ့မလား။
“ဆွေးနွေးခဲ့တာလည်း များပြီလေ။ ဆွေးနွေးတဲ့အဖွဲ့နဲ့ ဆွေးနွေးတာက တမျိုး။ လုံခြုံရေးကောင်စီ တပ်မတော်က လုပ်နေတာက တမျိုးပေါ့။ ”
လုံခြုံရေးကောင်စီဆိုတာ ကာလုံကို ပြောတာပေါ့။ ဒါဆိုရင် တပ်မတော်နဲ့ကာလုံက လုပ်နေတာကတပိုင်း ဒီလို ရည်ညွှန်းတာပါလား။
“ဟုတ်တယ်။ အစိုးရကလုပ်နေတာတမျိုး။ တပ်မတော်က လုပ်နေတာက တမျိုးလေ။ ဥပမာ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို ချီတက်ဖို့ ဆွေးနွေးမယ်လေ။ ဒါက အစိုးရပိုင်းပေါ့။ တကယ်ကျတော့ ဒီလိုမဖြစ်လာဘဲ တိုက်ပွဲတွေပဲ ဆက်ဖြစ်နေတယ်လေ။”
ချင်းမိုင်မှာ နှစ်ဖက်ခေါင်းဆောင်တွေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကရော။ ဗိုလ်မှူးစိုင်းလတို့ အခု ဘယ်လို သုံးသပ်လဲ။
“ကောင်းကျိုးကတော့ ကျနော်တို့ဖြစ်ချင်တဲ့ နိုင်ငံရေးကိစ္စတွေကို ယူအန်အက်ဖ်စီက တင်ပြမှာပဲလေ။ ဒီလိုတင်ပြတော့ သူတို့လက်ခံလည်း ကောင်းကျိုးသက်ရောက်တာပေါ့။ လက်ခံရုံနဲ့ တပ်ကလုပ်ရပ်တွေကလည်း ကျနော်တို့ သဘောတူညီချက်ရထားတဲ့အတိုင်း မဆောင်ရွက်ရင်တော့အခြေအနေက တိုးတက်မှုရှိမှာမဟုတ်ဘူး။”
ဆွေးနွေးနေချိန်မှာ တိုက်ပွဲဖြစ်တာက အက်စ်အက်စ်အေမြောက်ပိုင်းကနေ အစိုးရ နယ်မြေကို ကျော်လို့လား။ အစိုးရတပ်က အက်စ်အက်စ်အေ သတ်မှတ်ခွင်ကို ကျော်လို့လား။
“၂၀၁၂ ဇန်နဝါရီ ၂၈ ရက် အပစ်အခတ်ရပ် သဘောတူညီချက်ထဲမှာ ကျနော်တို့တပ် ရောက်ရှိနေတဲ့နေရာမှာ ယာယီဖြန့်ခွဲနေထိုင်ဖို့ သဘောတူညီထားတယ်။ ဒါကြောင့် ရောက်ရှိတဲ့နေရာမှာ နေနေတာပဲ။ အခုဖြစ်တဲ့နေရာလည်း ကျနော်တို့နေရာပဲ။ ကချင်နဲ့ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းက သူတို့မပြောဘူးလေ။ အခု ကချင်ဘက်ရပ်ပြီး ကျနော်တို့ဘက်လှည့်ပြီး ခင်ဗျားတို့ ဒီနေရာမနေရဘူး၊ ဆုတ်ပေးပါဆိုပြီး အပြောမျိုးနဲ့ လာတိုက်တာလေ။ ကျနော်တို့က သူတို့ကို ဝင်တိုက်တာမဟုတ်ဘူး။”
ဘယ်မြို့နယ်ထဲမှာလဲ ခင်ဗျ။
“တိုက်ပွဲဖြစ်တဲ့နေရာက တန့်ယန်းမြို့နယ် လွိုင်လန်းတောင်ပေါ့။ မိုင်းကောင်အရှေ့ဘက်ခြမ်းနဲ့ ၆ မိုင်၊ ၇ မိုင်လောက်မှာ။”
dvb

No comments:
Post a Comment