ပုဂံ
ရောက် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ အခုလအတွင်း ၃ ကြိမ်တိုင်
လုယက်ခံရပြီး ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာက
ထိထိရောက်ရောက် လုပ်ဆောင်မပေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီ ၆ ၊ ၁၄ နဲ့ ၁၆ ရက်တို့မှာ လုယက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ လုယက်မှု တရားခံတွေကိုတော့ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး လုခံလိုက်ရတဲ့ ပစ္စည်းတွေကိုလည်း ကာယကံရှင် အင်္ဂလန်နိုင်ငံသူကို ပြန်ပေးလိုက်ပြီလို့ ပုဂံညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောပါတယ်။
လုံခြုံ ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေနဲ့ပတ်သက်ပြီး သူက “တော်တော်တော့ခက်တယ်။ ပြောဖို့က ခွကျတယ်။ ဒါကလုံခြုံရေးကိစ္စဆိုတော့လေ။”
ဖေဖော်ဝါရီ ၆ ရက်နဲ့ ၁၄ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေကိုတော့ အခုထိ မဖော်ထုတ်နိုင်သေးပါဘူး။
လုသူတွေဟာ မော်တော်ဆိုင်ကယ်တွေစီးနင်းပြီး ပုဂံမှာ လမ်းလေ်ွာက်လည်ပတ်နေတဲ့ ခရီးသည်တွေ၊ စက်ဘီးစီး လည်ပတ်နေသူတွေရဲ့ ပစ္စည်းတွေကို လူယူကြတာဖြစ်ပါတယ်။
ပုဂံမြို့ခံ ကိုမင်းနိုင်ကတော့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တွေကို စောင့်ရှောက်မယ့် ခရီးသည်စောင့်ရှောက်ရေး ရဲတွေ လိုအပ်နေပြီလို့ ပြောပါတယ်။
“ပုဂံမှာ ဧည့်သည်တွေတောင်များနေပြီး ဟိုတယ်တွေ မလောက်၊ တည်းခိုစရာနေရာတွေတောင် မလုံလောက်တဲ့အချိန်မှာ တိုးရစ်စောင့်ရှောက်ရေးရဲ အမြန်ဆုံးအကောင်အထည်ဖော်စေချင်တယ်။”
၂၀၁၁ ခုနှစ်က တကြိမ်လောက်ပဲ အခုလို လုယက်တာမျိုး ကြားဖူးပြီး အခုလို တလတည်း ၃ ကြိမ်ဖြစ်ပွားတာမျိုး မရှိဘူးလို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းက ကိုညီညီကတော့ ပုဂံမှာ သူတွေ့ဖူးတဲ့ ခရီးသည်စောင့်ရှောက်ရေးရဲ ဆိုသူတွေရဲ့ အလုပ်ကို ခုလို ပြောပါတယ်။
“တိုးရစ်စောင့်ရှောက်ရေးရဲ ဆိုတာက တိုးရစ်လုံခြုံရေးအတွက် လုံလုံလောက်လောက် ရှိတာ မဟုတ်ဘူး။ ကျနော်တွေ့ဖူးတာတော့ တိုးရစ်ရဲ ဆိုပြီး ရဲ ၂ ယောက်က နေဝင်ချိန်ရှုခင်းကြည့်တဲ့ ရွှေဆံတော်ဘုရားဝင်ပေါက်မှာ ဘာလုပ်နေလဲဆိုတော့ နိုင်ငံခြားသားတွေ ပုဂံဝင်ကြေး ဇုန်စည်းပေါ့။ ဇုန်စည်းစာရွက်ပေးလား မပေးလား။ ပိုက်ဆံဆောင်ခွင့်ပေးလား မပေးလား ဆိုတာ လက်မှတ်စစ်ပုံစံမျိုးနဲ့ အပေါက်ဝမှာစောင့်နေတာ။ ယူနီဖောင်းအပြာရောင်နဲ့ ဒါပဲတွေ့တယ်။”
အရင်နှစ်က ကျောက်ပန်းတောင်းမြို့မှာ ဂျပန်ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတဦး အသတ်ခံရဖူးပါတယ်။
DVB

No comments:
Post a Comment