ဒေါက်တာဆိတ်ဖွားရဲ့ Above the law ခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်တဲ့ ဖော်ပြချက်အပေါ် စုံစမ်းဖို့ ကော်မရှင်တရပ်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော်မရှင်ကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းက ဦးဆောင်ပြီး ပါတီစုံက အဖွဲ့ဝင် ၁၇ ဦး ပါဝင်ပါတယ်။
ကော်မရှင်က လုပ်ဆောင်ရမှာတွေနဲ့ပတ်သတ်ပြီး ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က အခုလို ရှင်းပြပါတယ်။
“တစ်အချက်က ရေးသားချက်တွေသည် လွှတ်တော်နဲ့လွှတ်တော်အမတ်တွေရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်ထိခိုက်နစ်နာတယ်ဆိုတာ ဆန်းစစ်ရပါမယ်။ ဒုတိယအချက်က ပိုအရေးကြီးပါတယ်။ ဒီရေးသားချက်ကိုဖတ်မိတဲ့ ပြည်သူလူထုတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အထင်မှားအမြင်မှားရှိတာတွေအတွက် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အချက်ပါ။ တတိယအချက်ကတော့ ကာယကံရှင်ကိုဖော်ထုတ်ပြီး မည်သို့အရေးယူသင့်လဲဆိုတဲ့ အချက်ပါ။”
ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးမှာ ပြည်ထောင်စုလွှတ်တော်မှာ စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတနဲ့ ဆန့်ကျင်ဆုံးဖြတ်အတည်ပြုခဲ့တာဟာ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနဲ့မညီမှန်းသိလျက်နဲ့ အခြေခံဥပဒေကို တမင်ဖောက်ဖျက်ကျူးလွန်လိုက်ကြတယ်လို့ စွပ်စွဲထားတာပါ။
ကော်မရှင်အဖွဲ့ဝင်အဖြစ်ပါတဲ့ မကွေးတိုင်း၊ ဂန့်ဂေါ အမှတ်-၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကော်မရှင်အနေနဲ့ ဒေါက်တာဆိတ်ဖွားကို ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲမယ်လို့ ပြောပါတယ်။
“ကျနော့်ပုဂ္ဂလိကအတွေးနဲ့က ဒီကိစ္စက နည်းနည်းခက်မယ်ထင်တယ်။ အင်တာနက်ဆိုတာက အိမ်သာထဲမှာစာရေးတာပဲဗျ။ ကျနော်တို့ငယ်ငယ်က အိမ်သာထဲမှာ စာရေးတယ်၊ ဘယ်သူရေးသွားမှန်းမသိဘူး။ ဘယ်သူ့အရေးယူရမလဲ။ ဒါတော်တော်တော့ ခက်တယ်။ တခုတော့ ရှိတယ်။ အခုပြောနေကြတာက ခင်မောင်ညို(ဘောဂဗေဒ)က သူ့ရဲ့ ဂျာနယ် ၁ စောင်မှာ ဒေါက်တာဆိတ်ဖွားက ဆောင်းပါးရေးဖူးတယ် ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူ့ကိုပဲသွားမေးရမှာပေါ့။ ဆက်စပ်ပြီး မေးရမှာပေါ့။”
ကော်မရှင်အနေနဲ့ ဒေါက်တာဆိတ်ဖွားရဲ့ ဖော်ပြချက်တွေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းဥပဒေတွေနဲ့ ဆန်ကျင်တာ ရှိ၊ မရှိနဲ့ လိုက်နာစောင့်ထိန်းရမယ့် တာဝန်တွေကို ပျက်ကွက်တာရှိ၊ မရှိ စတာတွေကို စုံစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်။
ဇန်နဝါရီလထဲ ကျင်းပခဲ့တဲ့လွှတ်တော်မှာ အွန်လိုင်းပေါ်က ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုသူကို စုံစမ်းဖော်ထုတ်ဖို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုးရင်က အရေးကြီးအဆိုတင်ခဲ့ပါတယ်။ အဲ့ဒီအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပြီးတဲ့နောက် အခုလို ကော်မရှင်ဖွဲ့စည်းခဲ့တာပါ။
DVB
No comments:
Post a Comment