တရုတ်နှင့် မြန်မာ အကြား တည်ဆောက်နေသော ဂတ်စ်နှင့် ရေနံပိုက်လိုင်းမှာ မေလကုန်တွင် ပြီးစီးမည် ဖြစ်ပြီး ဇွန်လတွင် စတင်ကာ လုပ်ငန်း လည်ပတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
တရုတ် အစိုးရ မီဒီယာကို ကိုးကားပြီး AFP က ရေးသားသော သတင်းတစ်ပုဒ်တွင် မဟာဗျူဟာအရ အရေးပါသော ဂတ်စ်နှင့် ရေနံ
ပိုက်လိုင်းမှာ မေလအကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း ရေးသား ဖေါ်ပြသည်။
တရုတ် ကုမ္ပဏီ CNPC မှ တည်ဆောက်နေသော အဆိုပါ ပိုက်လိုင်း စီမံကိန်း၏ တာဝန် ခေါင်းဆောင် Geo Jianguo က Xinhua သတင်းဌာနသို့ ပြောကြားရာတွင် ကီလိုမီတာ ၁၁၀၀ ရှည်လျားသော ဂတ်စ်နှင့် ရေနံပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ပြီး ဇွန်လဆန်းပိုင်းတွင် စတင် လည်ပတ်နိုင်မည်ဟု ပြောဆိုသည်။
အဆိုပါ ပိုက်လိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် အကြား ဆက်သွယ် ဖေါက်လုပ်ခြင်း ဖြစ်သည်။
ပိုက်လိုင်းများမှ တဆင့် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်ကို သာမက အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ သင်္ဘောများဖြင့် တင်ဆောင် သယ်ယူလာသော ရေနံများကို လည်း တရုတ်ပြည်သို့ ပို့ဆောင်မည် ဖြစ်သည်။
narinjara
No comments:
Post a Comment