ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 November 2012

မရဏာနုဿတိဘာဝနာကို ပွါးများကြပါစို့...


ဤဒေသနာတော်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်မှာ
သီတင်းသုံးနေထိုင်တော်မူစဉ်အခါက သားသေဆုံးသွား၍ အိမ်ထဲမှအိမ်ပြင်သို့
မထွက်ဘဲ ပူဆွေးသောကရောက်နေသော ဖခင်တစ်ယောက်ကိုဟောကြားထားသည့်
တရားဒေသနာပင်ဖြစ်၏ ။
မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်ယံအချိန်မှာ မဟာဂရုဏာတော်သမာပတ်
ဝင်စားရာက ထလာပြီးသောအခါ ဒိပ္ပစက္ကုဥာဏ်ဖြင့် လောကတစ်ခွင်ကိုကြည့်တော်မူ၏ ။
ထိုအချိန်မှာပင် သားသေဆုံး၍ပူဆွေးသောကရောက်နေသော
ဥပသကာကိုမြင်လေလျှင်
သင်းပိုင်ကိုပြန်ဝတ်ပြီး သပိတ်ကိုပိုက်ကာ အဘိဥာဏ်တန်ခိုးဖြင့်လာ၍ ထိုဥပသကာ၏
အိမ်ရှေ့ခြံတံခါးဝမှာပင် ရပ်နေတော်မူ၏ ။
ထိုအခါ မြတ်စွာဘုရာရှင်က မည်သည့်အတွက်ပူဆွေးသောက ဗျာပါဒ ရောက်နေကြောင်း
ဥပသကာအား မေးမြန်းလေလျှင်...သားသေဆုံး၍ ပူဆွေးသောကရောက်နေပါကြောင်း
မြတ်စွာဘုရားရှင်ထံလျှောက်ထားလေ၏ ။ ထိုအခါ မြတ်စွာဘုရားရှင်က အတိတ်ဇာတ်ကြောင်း
ကို ဥပသကာအား ယခုလိုဟောကြားလေတော့၏ ။
လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရဏသီပြည်မှာ ဓမ္မပါလအမည်ရှိသော ပုဏ္ဏားမျိုးရှိ၏ ။
ထိုပုဏ္ဏား၌ မယား၊သား၊သမီး၊ချွေးမ၊ကျွန်မ မိသားစု(၆)ယောက် နေထိုင်ကြ၏ ။ ထိုမိသားစုမှာ
မရဏာနုဿတိဘာဝနာကမဋ္ဌါန်းကို အမြဲမပြတ်ဆင်ခြင်၍ နေကြလေ၏ ။ အိမ်မှတစ်ဦးတစ်
ယောက် အပြင်သို့ထွက်သွားလျှင်လည်း ကျန်လူများကို အမြဲနှလုံးသွင်းပြီးနေဖို့ မှာကြားခဲ့၏ ။
တစ်နေ့သောအခါ ဓမ္မပါလပုဏ္ဏားကြီးနှင့်သားဖြစ်သူတို့ လယ်ထဲသို့ဆင်းကြ၏ ။ သားဖြစ်သူက
သစ်ကိုင်းခြောက်၊သစ်ရွက်ခြောက်များကို စပုံပြီးမီးရှိုသောအခါ မီးအပူကြောင်း သစ်ခေါင်းထဲမှ
မြွေဟောက်တစ်ကောင်ထွက်လာပြီး ကိုက်သောကြောင်း ထိုနေရာ၌ပင် သေဆုံးလေ၏ ။
သေပြီးသည်နှင့်တစ်ပြိုင်နက် တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်လေ၏ ။
ဓမ္မပါလပုဏ္ဏားကြီးက လယ်နီးချင်းတစ်ယောက်ကိုခေါ်ပြီး သူ့အိမ်မှမိသားစုအားလုံးကို ရေချိုး၊
အ၀တ်ကောင်းအစားကောင်းဝတ်၊ပန်းနံ့သာတို့နှင့်ထမင်းတစ်ယောက်စာအတွက်သာ ယူခဲ့ပါရန်
ပြောခိုင်းလိုက်လေ၏ ။ ထိုမိသားစုလည်းပုဏ္ဏားကြီး မှာလိုက်သည့်အတိုင်း မကြာမီပင်လယ်တော
ထဲသို့ရောက်လာကြ၏ ။
ထိုအခါ သားဖြစ်သူ၏အလောင်းကို သစ်ကိုင်းခြောက်များစုပုံ၍ မိသားစုအားလုံးမီးသဂြိုဟ်ကြ၏ ။
တစ်စုံတစ်ရာ ပူဆွေးခြင်း၊ငိုကြွေးခြင်းမရှိကြပေ။ထိုသေဆုံးသွားသောသားဖြစ်သူမှာ မြတ်စွာဘုရား
အလောင်းတော်ပင်ဖြစ်၏ ။ သေဆုံးပြီးသိကြားမင်းဖြစ်သည်နှင့် မိဘနှစ်ပါးနှင့်ကျန်ရှိခဲ့သော မိသားစု
များကို သနားငဲ့ညှာသဖြင့် မီးသဂြိုဟ်နေသည့်နေရာသို့ ပုဏ္ဏားအယောင်ဆောင်၍ ရောက်ရှိလာပြီး
မိသားစုများကို ဤသို့မေးလေ၏ ။
ပုဏ္ဏားမေး = သင်တို့ယခု မီးဖုတ်နေသည်မှာ သမင်လား...။အကယ်၍ သမင်ဆိုပါက
ငါ့အားစားသောက်ရန် မျှဝေပေးဖို့ပြော၏ ။
ထိုအခါ မိသားစုများက သမင်မဟုတ်ကြောင်း လူစင်စစ်သာဖြစ်ကြောင်းပြန်ဖြေကြ၏ ။
ပုဏ္ဏားမေး = လူစင်စစ်ဆိုလျှင် အသင်တို့၏ရန်သူလောဟု ဆက်မေး၏ ။
ရန်သူမဟုတ်ကြောင်း သားအရင်းတစ်ယောက်ပင်ဖြစ်ကြောင်း ပြန်ဖြေ၏ ။
ထိုအခါ ပုဏ္ဏားက သားတစ်ယောက်သေဆုံး၍ပင် အဘယ့်ကြောင်းမငိုကြွေးကြပါသလဲဟု
မေးသောအခါ မိသားစုတစ်ယောက်ချင်းက ယုကဲ့သို့ဖြောကားကြလေ၏ ။
ဘခင်ဖြေ = အသင်ပုဏ္ဏား...တစ်ရွေ့ရွေ့နှင့်ကွေ့ကောက်၍သွားနေသော မြွေသတ္တ၀ါသည်
ဟောင်းနွမ်းလာသော အရေခွံကိုထားခဲ့ပြီး အသစ်တစ်ဖန်လဲ၍ လိုရာခရီးကိုသွားသကဲ့သို့
ကျွန်ုပ်၏သားမှာလည်း ခန္ဓာဟောင်းကိုစွန့်၍ ဘ၀သစ်တစ်ခုကို ကူးပြောင်းသွားခြင်းသာဖြစ်၏ ။
သို့အတွက် ကျန်ရှိခဲ့သော ငှက်ပျောတုံးထင်းတုံးကဲ့သို့ ခန္ဓာဟောင်းကိုကြည့်ပြီး ငိုကြွေးနေခြင်းက
မည်သို့မျှအကျိုးမရှိကြောင်း ဖြေကြားလေ၏ ။
မိခင်ဖြေ = အသင်ပုဏ္ဏား...ယခုသေဆုံးသွားသူမှာ ကျွန်မကိုယ်တိုင် ကိုးလလွယ်ဆယ်လဖွားခဲ့
သော သားအရင်းခေါက်ခေါက်ပင်ဖြစ်၏ ။ သူသည် ကျွန်မတို့ထံသို့ မခေါ်ဘဲလာခဲ့ပြီး ယခုတွင်လည်း
မနှင်ပါဘဲနှင့် သူ့အလိုလိုထွက်သွားခြင်းဖြစ်၏ ။ သံသရာခရီးမှာ လှည့်လည်သွားနေခြင်းသာဖြစ်၏ ။
တရားသဘောအရကြည့်လျှင် လူတိုင်းထိုနည်းတူစွာဖြစ်၏ ။ ကျန်ရှိသောသူ့အလောင်းကို မီးတိုက်
သည့်အခါတွင်လည်း သူကဘ၀သစ်တစ်ကိုရောက်နေသည့်အတွက် ပူခြင်းလောင်ခြင်းကိုလည်း မသိနှိုင်တော့ပေ။သို့အတွက်ကြောင်း အလောင်းကိုကြည့်၍ငိုနေခြင်းက အကျိုးမများသောကြောင်း
မငိုခြင်းသာဖြစ်၏ဟု ဖြေကြားလေ၏ ။
နှမဖြေ = အသင်ပုဏ္ဏား...ကျွန်မ၏အစ်ကိုဖြစ်သူမှာ ကံအားလျှော်စွာ ဘ၀သစ်တစ်ခုကိုပြောင်းသွား
ခြင်းပင်ဖြစ်၏ ။ သို့ဖြစ်၍ သူ့အလောင်းကောင်ကို မီးပုံတွင်တင်ပြီး မီးတိုက်သော်လည်း မသိနှိုင်တော့ပါ။
ကျွန်မတို့ ငိုခဲ့သော်လည်း သူမသိနှိုင်တော့ပါ။ကိုယ်ပန်း၍စိတ်နွမ်းတာဘဲ အဖတ်တင်မည်ဖြစ်၍
မငိုခြင်းသာဖြစ်ကြောင်း ဖြေကြားလေ၏ ။
မယားဖြေ = အသင်ပုဏ္ဏား...စကားမပီကလာပီကလာ ပြောတတ်ခါစကလေးငယ်တို့မှာ ကောင်းကင်က
ရွှေလမင်းကိုလိုချင်၍ ငိုကြွေးသော်လည်း မရနှိုင်သကဲ့သို့ ကျွန်မလည်း လင်သား၏
အလောင်းကောင်ကိုကြည့်ပြီး ငိုကြွေးနေလျှင် ကလေးငယ်နှင့် အတူတူပင်ဖြစ်ပါလိမ့်မည်။
သူ့အသက်ပြန်ရှင်လာစရာ အကြောင်းမရှိတော့လို့ပါ။ကျွန်မ၏ လင်သားမှာ သူနှင့်သင့်တော်သော
ဘ၀တစ်ခုကိုရောက်ရှိနေပြီဖြစ်၍ မငိုခြင်းသာဖြစ်ကြောင်း ဖြေကြားလေ၏ ။
ကျွန်မဖြေ = အသင်ပုဏ္ဏား...ကျွန်မမှာ အခိုင်းအစေတစ်ယောက်ပင်ဖြစ်သော်လည်း သေဆုံးသွားသူ
ကို သားအရင်းပမာ စောင့်ရှောက်လာကြောင်း ချစ်မြတ်နိုးပါ၏ ။ သူလည်း ကျွန်မအပေါ်တွင် မိခင်
တစ်ယောက်ကဲ့သို့ ချစ်မြတ်နိုးပါ၏ ။ ဥပမာပြရလျှင်...ရေအိုးနှစ်ခြမ်းကွဲသွားသည်ကို ကော်နှင့်ဆက်၍
အကောင်းပကတိမဖြစ်လာသကဲ့သို့ ဘ၀တစ်ပါးသို့ပြောင်းသွားသူအတွက် ငိုကြွေးနေ၍လည်း
အသက်ပြန်ရှင်လာစရာ အကြောင်းမရှိတော့ပေ။ထိုက်တန်သောဘ၀တစ်ခုကို သူရောက်ရှိနေပြီဖြစ်၍
မငိုခြင်းသာဖြစ်ကြောင်း ဖြေကြားလေ၏ ။
သိကြားမင်းသည် (၅)ယောက်လုံး၏ အဖြေကိုကြားရသောအခါ အလွန်တစ်ရာမှ ထိုမိသားစုအပေါ်
ကြည်ညိုစိတ်ဖြစ်ပြီး မရဏာနုဿတိဘာဝနာကို ယခုကဲ့သို့အသက်ထက်ဆုံးပွါးများကြရန် မှာကြားပြီး
ရတနာ(၇)ပါးနှင့်ပြည့်စုံသော အိမ်ကိုဖန်ဆင်းပေးကာ နတ်ပြည်သို့ပြန်သွားလေ၏ ။ ထိုမိသားစုလည်း
ဒါန၊သီလ၊ဘာဝနာအလုပ်ကိုပွါးများရင်း သေဆုံးကြသောအခါ နတ်ပြည်သို့ရောက်ကြလေ၏ ။

မှတ်ချက် = ပိဋကတ်တော်မြန်မာပြန် ခုဒ္ဒကနိကာယ်ဝင် သုတ္တန်ပိဋကတ် ပေတ၀တ္ထုတော်ကြီး
(၁၂)ခုမြောက် ဥဂရ၀ဂ်ကို အကျဉ်းချုပ်ရေးထားပါသည်။
စာဖတ်သူအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝနှိုင်ကြပါစေ...

စံအောင်မြင့်

ခေတ္တ / မလေးရှား
၎.၁၁.၂၀၁၂

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ