ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

နှလုံးသားကို လှုပ်ခတ်စေသော သတင်းနှစ်ပုဒ်

နှလုံးသားကို လှုပ်ခတ်စေသော သတင်းနှစ်ပုဒ် ဖေဖေါ်ဝါရီ (၄) ရက်နေ့မှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကို ဖတ်ခဲ့ရတယ်။ တပုဒ်က မြန်မာနိုင်ငံ အနောက်ဘက် ကျောက်ဖြူ ကနေ တရုတ်နိုင်ငံထိ ဆက်သွယ်ထားတဲ့ ဓါတ်ငွေ့ ပိုက်လိုင်းမှ ဓါတ်ငွေ့တွေ စတင်ပို့လွှတ်ဖို့ ရက် (၁၀၀) သာလိုတော့ ပါတယ်ဆိုတဲ့ သတင်းနဲ့ ကျောက်ဖြူ (special economic zone) ကိုမကြာခင် တည်ဆောက်တော့မယ် ဆိုတဲ့သတင်းနှစ်ပုဒ် ဖြစ်ပါတယ်။

ဒီသတင်းနှစ်ပုဒ်ကို ဖတ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က ကျွန်တော်တို့မိသားစု နေထိုင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်အတွင်းက ရခိုင်တွေရဲ့ လူနေမှုဘ၀ အဖုံဖုံကိုပြန်လည် သတိရမိပါတယ်။ ကျွန်တော် တို့နေတဲ့ ရွာက ကျောက်ဖြူကနေ (၂၆) မိုင်လောက် ဝေးပြီး လက်ရှိ ဖောက်လုပ်ထားတဲ့ ရန်ကုန် ကျောက်ဖြူကားလမ်းနဲ့ဆို သုံးမိုင်ခရီးမှာ ရှိပါတယ်။ တွဲဘက်အလယ်တန်း ကျောင်းရှိပြီး အိမ်ခြေ (၂၀၀) ကျော်ရှိတဲ့ ရွာကလေးပါ။ ၁၉၉၀ ခုနှစ်လောက်တုန်းက ဆိုရင် ၂၆ မိုင်လောက်ဝေးတဲ့ ကျောက်ဖြူမြို့ကို ကားနဲ့သွားရင် ၄ နာရီလောက်ကြာတယ်။ အဲဒီလောက်ကို ခရီးက ကြမ်းပါတယ်။
ကျွန်တော် ရှစ်တန်း ရောက်တဲ့နှစ်က အဖြစ်အပျက် တခုကို သွားသတိရမိတယ်။ ကျွန်တော်တို့ရွာမှာ လျှပ်စစ်ဆိုတာကို သိတဲ့လူက ရွာကဘုန်းဘုန်းနဲ့ ကျောင်းဆရာလောက်ဘဲ ရှိမယ်ထင်တယ်။ ရှစ်တန်းက ပြည်နယ်စစ်၊ အစိုးရစစ်ဆိုတော့ သားသမီးတွေရဲ့ ပညာရေးကို မိဘတွေကဂရုစိုက်ရသလို ကျောင်းဆရာ တွေကလည်း အလေးထားသင်ပြပေးကြပါတယ်။ ရှစ်တန်းရောက်တော့ နှစ်လည်စာမေးပွဲပြီးတာနဲ့ ကျောင်းသား မိဘတွေက ရေနံဆီကို စတင်စုဆောင်းရပါတော့တယ်။ ကျွန်တော်တို့အိမ်က ကျောင်းသား တွေများတော့ ရေနံဆီကို ကြိုတင်ဝယ်ယူထားရပါတယ်။
ကျွန်တော်တို့ရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ရေနံတောင်၊ မင်းပြင်ဆိုတဲ့ ရွာတွေမှာ ရေနံ လက်တူးတွင်းတွေ တူးဖေါ်ပြီး ရေနံရောင်းကြပါတယ်။ ကျွန်တော်တို့ရွာရဲ့ လိုအပ်တဲ့ လောင်စာဆီကို သူတို့ဆီက မှီခိုရပါတယ်။ ဒါပေမယ့် မိုးတွင်းကျရင် ရခိုင်ဒေသရဲ့ သည်းထန်လွန်းလှတဲ့ မိုးကြောင့် ရွာသားတွေက တနိုင်တပိုင် လုပ်ထားကြတဲ့ လမ်းကမကောင်း၊ တံတားတွေက ကျိုးနေပြီဆိုရင် ကျွန်တော်တို့ရွှာအတွက် လောင်စာဆီ ပြဿနာ ကြုံတတ်ရပါတယ်။ ဒါကြောင့် ကျောင်းသားမိဘတွေက အစစအရာရာ အဆင်ပြေတုန်းမှာ ရေနံဆီတွေကို စုဆောင်းကြရတာပါ။
ကျွန်တော့်အဖေ ငယ်ငယ်တုန်းကဆို ရွာနဲ့ သိပ်မဝေးတဲ့ ပင်လယ်ကမ်းစပ်မှာ လက်ယက်တွင်းလို့ခေါ်တဲ့ ရေနံတွင်းကို ညနေမှာ ဖေါ်ခဲ့ပြီး မနက်မိုးလင်းရင် အဲဒီတွင်းမှာ ရေနံဆီ သွားခပ်လို့ ရတယ်လို့ အတိတ်က အကြောင်းတွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြောဖူးပါတယ်။ အဲဒီလောက်ကို လောင်စာဆီ ပေါများခဲ့တဲ့ နေရာလို့ ပြောတယ်။ ကျွန်တော်ရှစ်တန်း အောင်လို့ ကိုးတန်းပညာကို စနဲရွာ အထက်တန်းကျောင်းမှာ သင်ကြားရပါတယ်။ စနဲကိုရောက်တော့လည်း လျှပ်စစ်ဆိုတာ မရှိ ရေနံဆီ မီးခွက်ကဘဲ ကျွန်တော်ရဲ့ အားထားရာ ဖြစ်နေပါတယ်။
တနင်္ဂနွေရက် တစ်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့က မိတ်ဆွေအိမ်ကို အလည်ရောက်ဖြစ်ပါတယ်။ အမှတ်မထင်ဘဲ ရခိုင်သမီးပျို ဆယ်ယောက်ကျော်၊ အမျိုးသားလူပျို တော်တော်များများကို တွေ့လိုက် ရတော့ အံ့သြရတယ်။ တနင်္ဂနွေ အားလပ်ရက်မှာ လာလည်ကြတာလို့ ပြောတယ်။ သူတို့လေးတွေနဲ့ စကားစမြည် ပြောဖြစ်တော့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ အခြေအနေကို သိခွင့်ရရှိခဲ့တယ်။
အသက်နှစ်ဆယ်အရွယ် ကလေးမလေးတယောက်ကို မေးကြည့်တော့ “ ကျွန်မတို့ရွာမှာ ကျန်ခဲ့တာ နို့သောက်နဲ့ ဒုတ်ထောက်ဘဲ ကျန်ခဲ့တာ၊ အလုပ်လုပ်နိုင်တဲ့ သူတွေအကုန်လုံးက ထိုင်းနိုင်ငံကို ရောက်နေပြီ” လို့ပြောရှာတယ်။ သူ့အဖေ၊ အမနဲ့လည်း မိတ်ဆက်ပေးတယ်။ သူတို့ သုံးယောက်လုံး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြပြီး မိသားစုတွေကို လုပ်ကျွေးကြတာလို့ ပြောပြတယ်။ အိမ်မှာ ကျန်ခဲ့တဲ့ အမေက သားအဖ သုံးယောက်လုပ်လို့ရတဲ့ ငွေတွေကို ကျန်ခဲ့တဲ့ မိသားစုတွေ အတွက် စီမံခန့်ခွဲရတယ်လို့ ပြောပြတယ်။
ကျွန်တော်နဲ့ စကားပြောနေတုန်းမှာဘဲ ကောင်မလေးရဲ့ အဖေဆီကို မြန်မာပြည်ကနေ ဖုန်းဝင်လာတော့ စကားပြောတာကြားနေရတယ်။ ရွာမှာက ငါးရှာလို့မရတော့တဲ့အပြင်၊ ထင်းခုတ်စရာလည်းသစ်ပင် မရှိတော့တဲ့အတွက် ရွာက လူငယ်တွေ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ချင်တယ်လို့ ဖုန်းဆက်ကြတာ ဖြစ်ကြောင်း၊ ဖုန်းဆက်လာတဲ့ လူငယ်တွေမှာလည်း ထိုင်းနိုင်ငံကို ရောက်ဖို့ လမ်းစရိတ် မတတ်နိုင်တဲ့ အတွက် သူ့ဆီက အကူအညီတောင်းနေကြတယ်လို့ ပြောပြတယ်။
ကျွန်တော်လည်း ကောင်မလေးရဲ့ အဖေပြောမှ ရခိုင်ပြည်နယ်မှာ ထမင်းချက်ဖို့နဲ့ တခြားသော လုပ်ငန်းတွေ အတွက် လောင်စာအဖြစ် ထင်းမီးသွေးကို အသုံးပြုကြသလို ထင်းကို အဓိက သုံးစွဲကြပါတယ်။
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်လောက်က ကျွန်တော်တို့ရွာနဲ့ အနီးအနား တ၀ိုက်မှာ ရွာပေါင်း ကိုးရွာလောက် ရှိပါတယ်။ ရွာအနီးမှာ တောင်တလုံးရှိတော့ အဲဒီတောင်က သစ်ပင်တွေကိုခုတ်ကာ ထမင်းချက်ဖို့၊ နွားစာချက်ဖို့ အသုံးပြုရပါတယ်။ အဲဒီတောင်မှာ သစ်ပင်တွေမရှိတော့ မြေပြိုကျပြီး လယ်မြေတွေကို ဖုံးလွှမ်း သွားတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ ဒေသခံတွေကလည်း တောတောင်ထဲမှာ သစ်ပင်မရှိ တော့တဲ့အခါ ရေငံစပ်မှာ ပေါက်ရောက်တဲ့ ရခိုင်အခေါ်ပြူးပင်၊ ပြာပင် ( ဒီရေရောက်တော သစ်ပင်) တွေကို ခုတ်ပြီး ထင်းအဖြစ် အသုံးပြုကြရပါတယ်။ တောတောင်တွေမှာ သစ်ပင်တွေမရှိတော့တဲ့အခါ မြေဆီ မြေနှစ်တွေပြုန်းတီး၊ လယ်မြေတွေကလည်း ပျက်စီး၊ စပါးအထွက် သိသိသာသာ ကျဆင်းသွားတယ်လို့ ရွာကနေ အလုပ်လုပ်ဖို့ ရောက်လာတဲ့ လူငယ်တဦးက ပြောပြရှာတယ်။
ငါး ကရှား ၊ သစ်တောကပြုန်း၊ အလုပ်အကိုင်မရှိတော့တဲ့ ရခိုင်လူငယ်တွေ ထိုင်းနိုင်ငံထဲ ရောက်လာပြန် တော့လည်း အသက်အန္တရာယ် အလွန်များပြားလွန်းတဲ့ ဓါတုဆေးဝါးတွေသုံးတဲ့ စိုက်ပျိုးရေး လုပ်ငန်း တွေမှာ လုပ်ပြီး အသက်မွေးကြရပြန်ပါတယ်။
“ကျွန်တော်တို့နေရာ၊ ကျွန်တော်တို့ပိုင်တဲ့ မြေကြီးကထွက်တဲ့ သဘာဝဓါတ်ငွေနဲ့ ရေနံကိုယူဖို့ သွယ်တန်း နေတဲ့ ပိုက်လိုင်းကို ငေးကြည့်နေရတာ ရင်နာလွန်းလို့ဗျာ၊ ကျွန်တော့်မှာ ကျောင်းနေတဲ့ ကလေးနှစ်ယောက် ရှိတယ်၊ ဒီကလေးတွေရဲ့ ကျောင်းစရိတ်နဲ့ စာဖတ်ဖို့ ရေနံဆီဖိုးတောင် မတတ်နိုင်လို့ ကျောင်းထုတ်လိုက်ရ တယ်ဗျာ၊ ဖောင်စီးရင်း ရေငတ်တယ်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မှာပေါ့ဟု” လူရွယ် တဦးရဲ့ ရင်ဖွင့် စကားကို ပါကြားခဲ့ရပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဖြစ်သည့်အတွက် ကံ၏အကြောင်းတရားကို ပြစ်တင်နေသည်ကို ကြားရသောအခါ စာရေးသူ၏ နှလုံးအိမ်ကို လှုပ်ခပ်ခဲ့ပြန်ပါတယ်။
အခွင့်အခါ ကောင်းတုန်း ရခိုင်ပြည်နယ်ကို ပြန်ခွင့်ရခဲ့စဉ်က စစ်တွေမြို့နေ အစ်ကို မိသားစုနဲ့တွေခွင့်ရ ခဲ့ပါတယ်။ ကျွန်တော့် အစ်ကိုဟာ တက္ကသိုလ်က ကထိက တဦးဖြစ်တဲ့အတွက် ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သိပ္ပံပညာ အကြောင်း ပြောဖြစ်ကြပါတယ်။ အစ်ကိုရဲ့ လက်ရှိသုတေသန လုပ်နေတဲ့ အကြောင်းအရာတွေကို မေးတော့ “ သုတေသန ဆိုတာ အိမ်မှာ လုပ်လို့မှမရတာ၊ မီးဖိုနဲ့ လုပ်လို့ ရတဲ့ အလုပ်မဟုတ်ဘူး၊ ရူပဗေဒနဲ့ ဆက်စပ်တဲ့ စက်ပစ္စည်းတွေ လည်ပတ်ဖို့ လျှပ်စစ် လိုတယ်လေ၊ ခေတ်မီတဲ့ သုတေသန ပညာရှင် ဖြစ်ဖို့ဆိုတာ ခေတ်ပေါ် ပညာရပ် စာတမ်းတွေကို အချိန်မှီဖတ်နိုင်ရမယ်” လို့ ပြန်ပြောပြပါတယ်။ ခေတ်ပေါ်ပညာရပ်ဆိုင်ရာ စာတမ်းတွေကို အင်တာနက်သုံးပြီး လေ့လာနိုင်တယ်လို့ ပြောပြတော့ အစ်ကိုရဲ့ ရိသဲ့သဲ့ ပြန်ပြောလိုက်တဲ့ စကားက ကျွန်တော်ရဲ့ ရင်ထဲကို စူးခနဲ ၀င်သွားစေပါတယ်။ “ဖယောင်းတိုင်နဲ့ ကွန်ပျူတာ ဖွင့်လို့ရရင် ကောင်းမှာဘဲ” တဲ့။
ဟုတ်လည်း ဟုတ်ပါတယ်။ စစ်တွေမြို့ရဲ့ လျှပ်စစ်ဖိုးက ကမ္ဘာမှာ အမြင့်ဆုံး ရှိနေတာကို သိခွင့်ရခဲ့ပြန်တယ်။ ရန်ကုန်မှာ လျှပ်စစ် တစ်ယူနစ်ကို ၂၅ ကျပ်ပေးဆောင်နေရချိန်မှာ စစ်တွေနဲ့ ရခိုင်ပြည်နယ်က မြို့တွေမှာ တော့ ကျပ် ( ၅၀၀) အထိပေးဆောင်နေရ ဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တရုတ်နိုင်ငံကို သယ်ယူဖို့ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက် နေတာကို ငေးကြည့်ရင် ဖောင်စီးရင်း ရေငတ်နေကြတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘ၀က ၂၁ ရာစု လူသားတွေရဲ့ ဘ၀နေထိုင်ပုံစံနဲ့ ဘယ်တော့မှ ယှဉ်ထိုးနိုင်စွမ်း မရှိတဲ့ ကျောက်ခေတ် လူသားတွေလို ဖြစ်နေတာ၊ မစားရ ၀ခမှန်း ကြွေးကြော်နေတဲ့ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကကော ကမ်းရိုးတန်း ဒေသမှာ နှစ်ပေါင်း ထောင်ချီနေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေအတွက် ဘယ်ကောင်းကျိုးတွေကိုများ သယ်ဆောင် ပေးနိုင်မှာလဲ၊ ပြောပိုင်ခွင့် မရှိတဲ့၊ တောင်းဆိုခွင့်ကို မသိရှာတဲ့ လူထုကြီးရဲ့ မိသားစု ဘ၀အမောတွေကို တွေးတောစဉ်းစားရင် ဒီသတင်းနှစ်ပုဒ်ကတော့ စာရေးသူရဲ့ နှလုံးသားကို ကြေကြေကွဲကွဲ ခံစားရစေပါတယ်။
Ref By - http://www.maukkha.org

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ